ညဘက်ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ
ညအိပ်ချိန်ဆိုတာ လူ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကောင်းနေစေဖို့ မရှိမဖြစ် လိုအပ်ချက်တစ်ခုပါ။ ညအိပ်ချိန်ပြည့်မှပဲ
- ကိုယ်တွင်းအင်္ဂါတွေ ကောင်းကောင်းအလုပ်လုပ်ပြီး အနားယူနိုင်မယ်
- နောက်နေ့ထလာတဲ့အခါ အားအင်အပြည့် ရှိနေမယ်
- အစာမကြေတာ၊ မအီမသာဖြစ်တာတွေ မရှိတော့ဘဲ အစာခြေစနစ် ပုံမှန်အတိုင်း လည်ပတ်နိုင်မယ်
- လေ့ကျင့်ခန်းလုပ်ရာမှာ အားကိုပိုစိုက်ထုတ်လာနိုင်စေတယ်
- အစာစားချင်စိတ်ကို ဖြစ်ပြီး ဦးနှောက်မှတ်ဉာဏ်ကို ပိုကောင်းလာစေနိုင်ပါတယ်။
ဒါကြောင့် ညအိပ်ချိန်ကို ပြည့်ပြည့်ဝဝရပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားဖို့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးရမယ်ဆိုရင်
ဆောင်ရန်များ
၁။ အိပ်ချိန် အချိန်ဇယားတစ်ခု ပုံသေသတ်မှတ်ထားပါ။
တစ်ရက်ကို ၇-၈ နာရီအိပ်ချိန်ဖယ်ပြီး ဒီအိပ်ချိန်ကို ဘယ်နှစ်နာရီမှာ စမလဲဆိုပြီး တွက်ထားဖို့ လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ည ၁၁ နာရီထက် စောပြီးညအိပ်ပေးနိုင်လေ၊ လူက မနက်နိုးလာတာနဲ့ လန်းဆန်းတက်ကြွလေ၊ အိပ်ရေးပိုဝလေပါပဲ။
၂။ တစ်နေ့လုံး အစာများများစားထားပါ။
မနက်စာ၊ နေ့လယ်စာ၊ ညစာ ၃ နပ်ကိုတော့ အလွတ်မခံဘဲ ကိုယ်စားနေကျအတိုင်းကိုမှ အာဟာရပြည့်ဝနေမယ့် အစားအစာတွေကို သေချာဗိုက်ဝအောင် စားပါ။ ညနေ ၆-၇ နာရီနောက်ပိုင်းကနေပြီး အစာစားတာ ရပ်လိုက်ပါ။ ဒီကြားထဲမှာ ဗိုက်ဆာတယ်ဆိုရင် သွားရေစာမုန့်တစ်ခုခု ဒါမှမဟုတ် နွားနို့၊ ရေလောက်ပဲ သောက်ပေးပါ။
၃။ ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်ပေးပါ။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို ကောင်းစေရုံသာမက လူတစ်ယောက်ကို ပိုကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ရောက်သွားအောင် တွန်းပို့ပေးနိုင်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူတွေက ညရောက်ပြီဆိုတာနဲ့ တစ်နေကုန် အလုပ်လုပ်ထားတဲ့အရှိန်၊ လေ့ကျင့်ခန်းအရှိန်တွေကြောင့် ဘာကိုမှ မတွေးမိတော့ဘဲ အိပ်ဖို့ကို အာရုံစိုက်တတ်ပါတယ်။
၄။ ကိုယ့်ရဲ့ အိပ်ခန်းဟာ ဆူညံသံတွေ ကင်းနေပါစေ။
အိပ်တဲ့အချိန်မှာ ကောင်းစွာအိပ်စက်အနားယူနိုင်စေဖို့ အပြင်က ဆူညံသံတွေ မကြားနိုင်လောက်တဲ့ အခန်းမျိုးမှာ အေးအေးချမ်းချမ်းနဲ့ အိပ်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ စိတ်ငြိမ်စေမယ့် တီးလုံးတွေဖွင့်ပြီး အိပ်ပေးခြင်းဖြင့်လည်း ကိုယ့်ကို ညဘက်ကောင်းစွာ အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်မှာပါ။
ရှောင်ရန်များ
၁။ ညအိပ်ခါနီး အစာစားခြင်းကို ရှောင်ပါ။
ကိုယ်တိုင်လည်း ညအိပ်ကာနီးမှ အလုပ်လုပ်စရာ ပေါ်လာရင် စိတ်ညစ်ရသလိုပဲ၊ အစာအိမ်က ညရောက်လာလို့ အနားယူရမယ့်အချိန်မှာ အစာစားလိုက်ပြီဆိုရင် ပုံမှန်ထက် နှေးကွေးပြီး အစာချက်နေရတာကြောင့် လူက ကောင်းကောင်းအိပ်မပျော်ဘဲ ဗိုက်မအီမသာဖြစ်ပြီး မနက်ထလာတဲ့အခါ နေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။
၂။ စိတ်ဖိစီးစရာတွေကို မတွေးပါနဲ့။
ညအိပ်ချိန်မှာ နောက်တစ်နေ့အတွက်ကိုပဲ အာရုံစိုက်ပြီး တွေးရင်း စိတ်ကို အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်သွားအောင်ကြိုးစားကြည့်ပါ။ စိတ်ညစ်စရာတွေ တွေးလိုက်ပြီဆိုရင် ဦးနှောက်က ဒါကိုတွေးနေမိသလို မသိစိတ်ကလည်း ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေအကုန်လုံးကို တင်းမာသွားစေလို့ လူကို ကောင်းကောင်းအိပ်မပျော်အောင် ဒုက္ခပေးနိုင်ပါတယ်။
၃။ ဖုန်းမသုံးပါနဲ့။
ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကနေ အပြာရောင်အလင်းတန်းတွေက မျက်စိထဲ ဝင်လာတဲ့အခါ မျက်စိအမြင်အာရုံကို ညောင်းညာကိုက်ခဲစေပြီး ခေါင်းကိုက်စေတယ်။ ကြွက်သားတွေကိုလည်း တင်းမာစေလို့ ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်ဖို့ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
၄။ ကဖင်းဓာတ်များတဲ့ အစားအစာတွေကို ညအိပ်ကာနီးမှာ မစားသောက်ပါနဲ့။
အထူးသဖြင့် နေ့လယ် ၁၂ နာရီနောက်ပိုင်းမှာ ကဖင်းဓာတ်ပါဝင်မှုအလွန်များတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေကို မသောက်တာအကောင်းဆုံးပါ။ ကဖင်းဓာတ်ဟာ လူကိုလန်းဆန်းတက်ကြွစေပြီး ဦးနှောက်ကို ကောင်းကောင်းအလုပ်လုပ်ဖို့ နှိုးဆွပေးလို့ နေ့ခင်းဘက်အလုပ်လုပ်ချိန်မှာ သောက်တာအကျိုးရှိပေမယ့် ညအိပ်ချိန်မှာ သောက်ရင်တော့ ဆန့်ကျင်ဘက်အနေနဲ့ ညအိပ်ချိန်ကို ထိခိုက်နိုင်တာကို သတိပြုပါ။
အကယ်လို့ ကိုယ့်မှာ ပုံမှန်အတိုင်း ကောင်းကောင်းအိပ်ပျော်ဖို့ အခက်အခဲရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်